မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီမှကြီးမှူး၍ အခြေခံလျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်လှစ်

မိုးညှင်း  ဩဂုတ် ၂၁

မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီမှကြီးမှူး၍ အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်အောက်ထပ်တွင် အခြေခံ လျှပ်စစ်သွယ်တန်းခြင်း သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ သင်တန်းသား (၂၄)ဦးနှင့် သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးညှင်းမြို့နယ်အတွင်းရှိ လျှပ်စစ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသာ ကျွမ်းကျင်အဆင့် သင်တန်းဆရာ(၄)ဦးတို့က သင်တန်းချိန် နံနက်(၁၀)နာရီမှ ၁၂နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ(၄)နာနာရီအထိ တစ်ရက်လျှင် သင်တန်းချိန်(၂)ချိန်ဖြင့် အခြေခံလျှပ်စစ်အိမ်တွင်းဝါယာရိန်း၊ CCTV၊ အဲယားကွန်းဆင်နည်း၊ ရေပူရေအေးဆင်နည်း၊ အဝတ်လျှော်စက် တပ်ဆင်နည်းများကို ရက်ပေါင်း ၃၀ကြာ စာတွေ့လက်တွေ့သင် ကြားပေးသွားမည် ဖြစ်သည်။

“အဓိကတော့ မြို့နယ်အတွင်းရှိ လူငယ်တွေကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုရစေခြင်လို့ ဒီသင်တန်းကို ဖွင့်ဖြစ်သွားတာ၊ ဒီသင်တန်းပြီးသွားရင်လည်း သက်မွေးဝမ်းကျောင်း သင်တန်းတွေကိုလည်း ဆက်ဖွင့်ဖို့ရှိတယ်” ဟု မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီမှ ဒုတိယဥက္ကဋ္ဌ (၁)မနန်းရွှေဝတ်မှုံက ပြောကြားသည်။

မိုးညှင်းခရိုင် လူငယ်ရေးရာ ကော်မတီကို ယခုနှစ်ဇွန်လ၄ရက်နေ့တွင် အဖွဲ့ဝင် ၂၄ ဦးဖြင့် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး လူငယ်ရေးရာ ကော်မတီဝင်များ ပထမအကြိမ်တွေ့ဆုံခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးဆုံးဖြတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ (၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ) ငွေတောင်တန်း စားသောက်ဆိုင် ခန်းမတွင် ကျင်းပခဲ့ပြီး ကော်မတီလုပ်ငန်းတာဝန်များ ခွဲဝေခြင်းနှင့် ၂၀၂၁ ခုနှစ် ရှေ့လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)