ခရမ်းမြို့တွင် နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင်ရောင်းချခြင်းအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေး အသိပညာပေးဆွေးနွေး

ခရမ်း ဩဂုတ် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့အတွင်း နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တို့နှင့် စပ်လျဉ်း၍ အခွန်အမှတ် တံဆိပ် ကပ်နှိပ် ရောင်းချရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရမ်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးအောင်လွင်က အခွန်ကောက်ခံမှုအ‌ခြေအနေနှင့် နိုင်ငံခြားဖြစ် အရက် အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ဆောင်ရွက်ရမည့် အချက်အလက်များ လုပ်ငန်းစီမံချက်အား စတင်ဆောင်ရွက်မည့် ကာလနှင့် မြို့နယ်အတွင်းရှိ နိုင်ငံခြားဖြစ်အရက် အမျိုးမျိုး ရောင်းဝယ်သည့်သူများ ကျသင့်သည့်အခွန်အကောက်များ ပေးဆောင်နိုင်စေရေး ဆောင်ရွက်ပေးမည့် လုပ်ငန်း စီမံချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသူများက အခွန်တံဆိပ်ကပ် ရောင်းချနိုင်ရေးအတွက် သိရှိလိုမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ ခရမ်း မြို့နယ် အခွန်ဦးစီးမှူး ဦးအောင်လွင်မှ ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။ ဤစီမံချက်သည် မိမိလက်ဝယ်တွင် ရှိနေသည့် တရားမဝင် အရက်အမျိုးမျိုးကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ကြေညာလွှာ တင်သွင်းရမည့် ကာလ အပိုင်း အခြားနှင့် အဆိုပါကာလအတွင်း မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် အချိန်မီ ကြေညာလွှာတင်သွင်းရမည်ဖြစ်ပြီး ကြေညာ လွှာတင်သွင်းခြင်းမပြုဘဲ စီမံချက်ကာလအတွင်း တရားမဝင်အရက်များ ရောင်းချနေကြောင်း တွေရှိပါက တည်ဆဲ ဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ၁-၁၀-၂၀၂၀ ရက်နေ့မှစ၍ တရားဝင် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ထားခြင်းမရှိသော နိုင်ငံခြားအရက်အမျိုးမျိုးကို လက်ဝယ်ထားရှိ ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီ၊ လက်ကား ရောင်းချခြင်းများအပေါ် အထူးကုန်စည်ခွန်ဥပဒေအရ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အခွန်ဦးစီးမှူးထံမှ သိရှိရသည်။

ကိုမင်း(ခရမ်း)