ဒဂုံမြောက် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်း နေထိုင်သူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံ စိတ်ချမှုရှိစေရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှတ် ၃၅ ရပ်ကွက်၊ ပင်လုံလမ်မကြီးပေါ်ရှိ CB ဘဏ်နှင့် အခြား ဘဏ်များမှ ငွေသွင်းငွေထုတ် ပြုလုပ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် စက်ဘီးစီးသွားလာသူများ လုယက်မခံရစေရေး အတွက် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ကိုင်စပီကာဖြင့် ဟောပြော ပညာပေးခြင်းတို့ကို ဘဏ်များ၊ ရွှေဆိုင်များ၊ လမ်းဆုံလမ်းခွများတွင် ယမန်နေ့က နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများအား မြို့နယ်ပြည်သူ့ရဲတပ်ဖွဲမှ မြို့နယ်မှူး ရဲမှူးမျိုးခိုင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင် အင်အား (၁၀)ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)