သီပေါ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရန်နှင့် လျော့နည်းပပျောက်စေရန် ရည်ရွယ် ၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သီပေါမြို့ မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများ တွင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀)ကြာဆေးကြောရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ် ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင် ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန် ၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စသည့် အချက် များအား လိုက်လံနှိုးဆော်သတိပေးခြင်းလုပ်ငန်းများကိုမြန်မာဘာသာ၊ ရှမ်းဘာသာ (၂) မျိုးဖြင့် လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)