မိုင်းလုံမြို့၌ မဲစာရင်းများမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

မိုင်းလုံ          ဩဂုတ် ၂၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့ဟောင်းကျေးရွာ  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ခေး ဦးဆောင်သောအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ(၃) နာရီက မြို့ဟောင်းကျေးရွာ၊ ပင်ပေါကျေးရွာ၊ နားယုတ်ကျေးရွာ၊ ကုန်းထိုလင်ကျေးရွာ၊ ဝိန်းခူးကျေးရွာများသို့ မဲစာရင်းများမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ် ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပထမအကြိမ်မဲစာရင်း ကြေညာချက်နှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်များက တင်သွင်းသည့် ပုံစံများအရ အမည်စာရင်းမပါသူများကို ဖြည့်စွက်ခြင်း၊ လိုအပ်သော အချက်အလက်များကို ပြင်ဆင်ခြင်း၊ ကန့်ကွက် ခံရသူများကို ပယ်ဖျက်ခြင်းများဆောင်ရွက်ရာ၌ သက်တိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိစေရန် ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်က ပါဝင်ထားပြီးသော မဲဆန္ဒရှင်များ၏အမည်များ  မဲစာရင်းမှ ပျောက်ပျယ်သွားခြင်းမရှိစေရေးနှင့် မဲစာရင်းပါ အချက်အလက်များအား စိစစ်ပြီးပါက ပြုစုထားသည့်မဲစာရင်းကို အိမ်ထောင်ဦးစီး (သို့မဟုတ်) အိမ်ထောင်စု ကိုယ်စားလှယ်တစ်ဦးက မှန်ကန်ကြောင်း အတည်ပြုခြင်း စသည့်အချက် အလက်များကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် မဲစာရင်းကောက်ယူရာတွင်ကျန်ရှိသော ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကလည်း စစ်ဆေးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)