ကျောက်ဖြူ နိုဝင်ဘာ ၂၅
၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိလာသည့် ဗဟုသုတများကို အသုံးချ၍ နိုင်ငံအတွက် တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်း ပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်အောင်တင်ကြည် (ဦးစီးအရာရှိ)က စာရေးဆရာ လှကွန့်ရေးသားသော “အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းဝင် စာမျက်နှာများ” စာအုပ်ပါ အကြောင်းအရာ များထဲမှ ကောလိပ်ကျောင်းသားများ ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင် သပိတ်မှောက်ရာမှ အစပြုခဲ့သည့် တန်ဆောင်မုန်းလပြည့် ကျော်(၁၀)ရက်နေ့ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဦးဆောင် ဆွေးနွေးပြောကြားပြီး ဦးတင်ထွန်းဦး (ဓာတ်ပုံကျွမ်းကျင်-၂)မှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ ဒေါ်သိန်းသိန်းနိုင် (ရုပ်သံကျွမ်းကျင်-၃ )က အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံ၊ ဒေါ်ဝင်းဝင်းကြည် (အငယ်တန်းစာရေး)က အမျိုးသားရေးစိတ်ဓာတ်စသည့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အကြောင်းအရာ များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)