ပင်းတယ ဩဂုတ် ၂၁
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ၊ အခွန်ဦးစီးဌာနရုံး၌ ပြည်ပမှတရားဝင်အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ရောက်ရှိနေသည့် အရက်အမျိုးမျိုး အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းမြင့်က ပြည်တွင်းသို့ နိုင်ငံခြားဖြစ် အရက် အမျိုးမျိုး တရားဝင်တင်သွင်းခွင့်ရရှိလာမည့် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း နိုင်ငံခြား ဖြစ်အရက်များ တရားမဝင်တင်သွင်းရောင်းချနေသောလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင် ရောင်းချရာတွင် နစ်နာမှုမရှိစေရန်အတွက် ပြည်တွင်းသို့ တရားမဝင်နည်းလမ်း အမျိုးမျိုးဖြင့် ရောက်ရှိနေသည့် နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးအတွက် ကျသင့်အခွန်အကောက်များ ပေးဆောင်ရမည်ဖြစ်ပြီး A1 အမှတ်အသား (ခြင်္သေ့)အမှတ်တံဆိပ်များ ကပ်နှိပ်ပေးမည် ဖြစ်ကြောင်း နှင့် လုပ်ငန်းစီမံချက် ကို One Stop Service (OSS) စနစ်ဖြင့် စက်တင်ဘာလ တစ်လ ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ တရားမဝင်အရက်အမျိုးမျိုးကို တရားဝင်ဖြစ်စေရန် အတွက် သတ်မှတ်ကာလ တွင် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ သို့ အချိန်မီ ကြေညာလွှာတင်သွင်းရမည်ဖြစ်ပြီး ကြေညာလွှာ တင်သွင်းခြင်းမပြုပဲ စီမံချက်ကာလအတွင်း တရားမဝင်အရက်များရောင်းချနေကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ပြီး စီမံချက်ကာလကုန်ဆုံးပြီးနောက် တရားဝင်အခွန်အမှတ်တံဆိပ် ကပ်နှိပ် ထားခြင်း မရှိသည့် နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း ၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများအပေါ် အထူးကုန်စည်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မြေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသိန်းမြင့်နှင့် တာဝန်ရှိသူများတို့က ပြန်လည်ရှင်းလင်းပြောကြား ပေးခဲ့ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)