သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုပန်းခြံတွင် ပြည်သူ့အတွက် ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာများ စိုက်ထူ

ရန်ကုန် နိုဝင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ပြည်သူ့အတွက် ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာနှင့် “လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပိုစတာများကို ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်း မြို့နယ်လ.၀.က ဦးစီးမှူး ဦးရဲထွန်းနှင့် ၀န်ထမ်းများက လူစည်ကားရာနေရာများ ဖြစ်သည့် ပြည်ထောင်စုပန်းခြံတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ဗီနိုင်းပိုစတာများကို လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီနိုင်းပိုစတာများတွင် ပြည်သူ့အတွက် ပန်းခင်းစီမံချက်၌ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွှေ့နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းများနှင့် ပါဝင်ရမည့် အချက်များ၊ လိုက်နာရမည့် အချက်များ ပါဝင်ကြောင်း သိရှိရသည်။

စန္ဒာမိုး