မတ္တရာ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ မြန်မာနိုင်ငံ မြို့နယ်ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်အရ ရည်မှန်းထား သော (၂၀၂၀)ပြည့်နှစ်တွင် ယာဉ် မတော်တဆမှုကြောင့် သေဆုံးသည့်ဦးရေထက်ဝက် လျှော့ချမည့် ရည်မှန်းချက်ပြည့်မီစေရန်အတွက် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို အချိန်နှင့် တပြေးညီ ပေါင်းစပ် ညှိနှိုင်း ဖော်ဆောင်ရေးအတွက် ယခု ကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ကော်မတီတွင် တာဝန်ပေးအပ် ထားသော ဌာနဆိုင်ရာ အချို့မှာ အခြားဒေသသို့ ပြောင်းရွှေသွားသူများရှိသဖြင့် ကော်မတီဝင် အသစ်များဖြင့် ပြင်ဆင် ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ ဖြစ်သည့် အချက် (၁၀)ချက်ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင် တာဝန်ရှိသူများမှ ဖြည့်စွက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ နိုဝင်ဘာလ ၂၁ရက်နေ့က ထုတ်ပြန်ထားသည့် အမိန့်အမှတ် (၂/၂၀၂၁)ဖြစ်သည့် အကြမ်းဖက်သောင်းကျန်းသူများသည် မော်တော်ဆိုင်ကယ် များကို အသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းများ ပြုလုပ်လာသည့်အတွက် အများပြည်သူ၏ ရပ်ရွာလုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် နိုဝင်ဘာ ၂၂ရက်နေ့မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ဆိုင်ကယ်တစ်စီး တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရကြောင်း၊ အမျိုးသားတစ်ဦးနောက်တွင် အမျိုးတစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး အမျိုးသမီးနှစ်ဦးစီးနင်းနိုင်သည့် ထုတ်ပြန်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)