မိုင်းခုတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းခုတ် နိုဝင်ဘာ ၂၄

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများထံ အခမဲ့သွားရောက် ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဉီးတည်ချက်(၄)ချက်၊ (၉၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှ ''အမျိုးသား ပညာရေး'' ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ ရေနံ့သာမောင်ကျော်ညွှန့်၏ ''ဘုန်းရှင့်မြန်မာ တို့မြန်မာ'' ကဗျာ၊ အမျိုးသား အောင်ပွဲနေ့ အကြောင်းအရာများ၊ အမျိုးသားရေးစိတ်ဓာတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဉီး၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆) ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံး ဆိုင်ရာညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှ ''အေးအတူ ပူအမျှ'' ခေါင်းစဉ်ဖြင့် ကောက်နုတ် ဖော်ပြချက်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ''ပညာရေးကဏ္ဍသည် အရေးကြီး''ခေါင်း စဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက စောင်ရေ (၁၀၀၀၀၀) အခမဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ မျိုးချစ် စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စု စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ဖြန့်ဝခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)