နေပြည်တော် ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ကောင်စီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ပြည်ထောင်စုနယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့် ဌာနဆိုင်ရာများကပူးပေါင်းပြီး မဲစာရင်းများကို ဒုတိယ အကြိမ် ကပ်ထားကြေငြာခြင်းမပြုမီ အိမ်တိုင်ရာရောက်မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဆောင်ရွက်သွားကြရန်၊ မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဉပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်ကြရန်နှင့် မဲစာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာရာတွင် မှားယွင်းမှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် အမှာစကား ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက ပထမ အကြိမ်မဲစာရင်းများ ကပ်ထားကြေညာ စဉ်ကာလ မှာ မဲဆန္ဒရှင်များ၏ သတ်မှတ်ပုံစံအသီးသီးဖြင့် လျှောက်ထားမှုများ၊ မဲဆန္ဒရှင်စာရင်း မကျန်ရှိစေရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယအကြိမ်မဲစာရင်းမကြေငြာမီ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)