စဉ့်ကိုင် သြဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်သူများအတွက် Onlineမှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ရောင်စုံစက္ကူဖြင့်အရုပ်ခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ပန်းချီဆွဲခြင်းလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကြီးကြပ်၍ ၀န်ထမ်းများ၊ စာပေဝါသနာရှင်များ၊ စာပေချစ်သူများက အလှည့်ကျစီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စာပေချစ်သူများ (Book Club) အဖွဲ့မှလည်း လစဉ်စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် အသိပညာပေးလုပ်ငန်းများဖြစ်သော နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့်ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရန်/ရှောင်ရန်များ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ဆင်ခြေထောက်ရောဂါသိကောင်းစရာ၊ ကလေးသူငယ်အခွင့်အရေးနှင့်ကလေးအလုပ်သမားပပျောက်ရေး၊ နိုင်ငံသားကောင်းပီသဖို့ မဲစာရင်းကြည့်ကြစို့ စသည့်အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံများကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ပြသထားရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်