မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် ‌အသိပညာပေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်  သြဂုတ် 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အများပြည်သူများ နေ့စဉ်ဝင်ထွက် သွားလာရာ စျေးများ အတွင်း၌ ယမန့်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အထင်ကရ စျေးကြီးများဖြစ်သည့် ဖဆပလစျေး၊ မင်္ဂလာတောင်ညွန့်အမဲစျေး၊ သိမ်ဖြူစျေးနှင့် ရေတွင်းကုန်စျေး အစရှိသည့် စျေးများအတွင်းရှိ သားငါးနှင့် ဟင်းသီးဟင်းရွက်ရောင်းချသူများ၊ ကုန်ခြောက် /လူသုံးကုန် နှင့် အလှကုန် ရောင်းချသူများနှင့် စျေးလာဝယ်သူ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် အသိပညာပေးခြင်းနှင့် ပြင်ပထွက်ခွာရာတွင် Mask တပ်ဆင်မှု ရှိစေရေးတို့အတွက် Hand Speaker များဖြင့် စျေး အတွင်း လိုက်လံနှိုးဆော်ပေးခဲ့ကြပြီး အသိ ပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ၊ ကျန်းမာရေး အဆင့်(၁) ဒေါ်တင်တင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (စျေးများဌာန) မှ တာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက လိုက်ပါ၍ ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)