မိုင်းခတ် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၏ ရင်ထဲ၌ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းနေစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့မစျေးနှင့် လမ်းသွားလမ်းလာပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြား သည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသား ရေးစိတ်ဓါတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ အစရှိ သည့် အကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွန့် ရေးသားသော ဘုန်းရှင့်မြန်မာ တို့မြန်မာကဗျာအစရှိသည့် ဗဟုသုတဆိုင်ရာ အကြောင်းအရာများ ပါဝင်သည့်သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။
နန်းနွယ်နီ (ပြန်/ဆက်)