မိုင်းလွေကျေးရွာအုပ်စု၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယန်း     နိုဝင်ဘာ    ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်များ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်  အိမ်ထောင်စုလူဦးရေ တိုး/ပြောင်းရွှေ့ခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် အနေဖြင့် ပန်းခင်းစီမံချက်စတင်သည့်နေ့မှ ယနေ့အချိန်အထိ မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုမှ ကျေးရွာ (၂၁) ရွာရှိ အသက် (၁၀) နှစ်မှ (၁၈) နှစ်ကြား လူဦးရေ စုစုပေါင်း (၃၆၃) ဦးနှင့် အသက် (၁၈) နှစ်အထက် လူဦးရေ စုစုပေါင်း (၁၀၃) ဦး၊ စုစုပေါင်း လူဦးရေ (၄၆၆) ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများကိုလည်း ပြည်သူများ အချိန်မကုန် လူပင်ပန်း သက်သာစွာဖြင့် ကျေးရွာအရောက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မိုင်းယန်းမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)