မော်လမြိုင်ခရိုင်၌ “ စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

မော်လမြိုင် နိုဝင်ဘာ  ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက  စာပေချစ်မြတ်နိုးသူ (Book Club) အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး စာအုပ်ဖြင့်    စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက ယခုလို စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပေးပြီး  အသင်းအဖွဲ့ဝင် ဒေါ်ခင်အုံးထွေးက ပီမိုးနင်း၏  ဘာကြောင့်စာဖတ်သလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊  အလင်းတံခါးများ   ပွင့်ပါစေခေါင်းစဉ်ကို ဦးမောင်ရှိန်က လည်းကောင်း  အသီးသီး ဖတ်ကြားပေးသည်။

ထို့နောက် တက်ရောက်ကြသည့် အသင်းအဖွဲ့ဝင်များက ဖတ်ကြားပေးသည့် ခေါင်းစဉ်များအပေါ် မိမိတို့အမြင်များ၊ သုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးကြသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊  အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိစေရန်   ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)