ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကျောက်ဖြူ    နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်း သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း (ကုလားဘာတောင်)သို့ သွားရောက်ပြီး အသိပညာပေး ဟောပြောမှုများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်နှင်းဖြူဖြူဖွေးက ကျောင်းသား၊ ကျောင်းသူများကို မဆင်မခြင် စွန့်ပစ်ခဲ့သည့် ပလပ်စတစ်အိတ် စွန့်ပစ်အမှိုက်များနှင့် သစ်ပင်များ ခုတ်လှဲခြင်းကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ အိုဇုန်းလွှာများပျက်စီး လာခြင်းများဖြစ်ပေါ်လာသဖြင့် ၎င်းအခြေအနေ များအား ပြန်လည်ကုစားနိုင်မည့် အကြောင်းအရာများဆိုင်ရာ “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးနှင့် ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက   ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား  ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး များအား ပြန်လည်မေးမြန်းခဲ့ကာ အဖြေမှန်သူများကို အမှတ်တရ လက်ဆောင်ဆုများ ပြန်လည် ပေးအပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၈၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)