မိတ္ထီလာမြို့နယ် ကန်သာကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

မိတ္ထီလာ  နိုဝင်ဘာလ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်အရင်းမပျောက်လည်ပတ် ရန်ပုံငွေ စီမံကိန်း မိတ်ဆက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်း ကျေးရွာအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြို့နယ်အတွင်း၌ တစ်ယူနစ်သာ အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ် သိန်း(၃၀၀)ခွင့်ပြုထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကို ကျေးရွာသူ ကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည်ဖြစ်သည့် အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေးနှင့် မိသားစု ဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြစိမ်းရောင်ကျေးရွာကော်မတီကို ကျေးရွာသူကျေးရွာသားများ၏ ဆန္ဒဖြင့် ဖွဲ့စည်းခဲ့ ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကန်သာကျေးရွာတွင် အိမ်ထောင်စု ၁၄၉ စု လူဦးရေ ၆၈၄ ဦး ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)