မောက်မယ် နိုဝင်ဘာ ၂၄
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပြီးသော အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား / ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက မောက်မယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ နေ့လယ် ၁ နာရီက စျေးတန်းရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများပူးပေါင်း၍ တာဝန်ရှိသူများက လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုတိုင်းတာ ပေးခြင်းနှင့် စာရင်းသွင်းခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တရုတ် နိုင်ငံထုတ် (Sinovac) အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူငါးယောက်နှုန်း ဖြင့် ထိုးနှံပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့် အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)