အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ် ကျင်းပ

ညောင်ဦး  နိုဝင်ဘာ  ၂၄

နိုဝင်ဘာ ၂၈ရက်နေ့တွင်ကျရောက်မည့် ၁၀၁ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ရိုက်ကူးခြင်းအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊(Community Center)ခန်းမ၌ ယနေ့ နံနက် ၈နာရီအချိန်ကရိုက်ကူးခဲ့ကြောင်းသိရသည်။

၁၀၁ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာ Talk Showအစီအစဉ်အား ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းပြဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာတို့မှ Online Talk Show အစီအစဉ်အား ဆွေးနွေး ရိုက်ကူးခဲ့သည်။အမျိုးသားအောင်ပွဲနေ့အကြောင်း ပြည်သူများ၊ ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆရာမ ဒေါ်ကျော့ကျော့ခိုင်က ပထမအင်္ဂလိပ်-မြန်မာ ၊ဒုတိယ အင်္ဂလိပ်-မြန်မာ၊ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး သူ့ကျွန်ဘဝရောက်ရှိခဲ့ ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေးရရှိအောင် ဆောင်ရွက်ခဲ့ရာတွင် အမျိုးသားအောင်ပွဲနေ့ဟာ မြန်မာ့သမိုင်းကြောင်းရဲ့ မမေ့အပ်သောနေ့တစ်နေ့ဖြစ်ကြောင်းတို့ကိုဆွေးနွေးကြသည်။ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့တွင်ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ်သည် မြန်မာ နိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှပြန်လည်လွတ် မြောက်ရေးအတွက် စတင်လိုက်သည့်အမျိုးသားတော်လှန်ရေးကြီးပင်ဖြစ်သည်။

အမျိုးသားတော်လှန်ရေးကြီးမှစ၍ ဝံသာနုစိတ်ဓာတ်အရင်းခံကာ အမျိုးသားစီးလုံး ညီညွတ်မှု ဖြင့် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲပြီး လွတ်လပ်ရေးကိုအရယူနိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီး သည့်တိုင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့သတ်မှတ်ခဲ့ကြ သည်။ဗြိတိသျှအစိုးရသည် ပညာရေးစနစ်သစ် တက္ကသိုလ် အက်ဥပဒေကြမ်းကို ၁၉၂၀ပြည့်နှစ် ဇွန်လတွင်ထုတ်ပြန်ကြော်ငြာသည်။ ထိုဥပဒေကြမ်းသည် မြန်မာပြည်သူများ တက္ကသိုလ် ပညာသင်ကြားခွင့်အား ကန့်သတ်ပိတ်ပင်ရန် ရည်ရွယ်ပြဋ္ဌာန်းသည့်အတွက် ၁၂၈၂ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့၊ ၁၉၂၀ ပြည့်နှစ်၊ဒီဇင်ဘာ ၅ရက်နေ့တွင် ကောလိပ် ကျောင်းသားများဦးဆောင်ကာ ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဆန္ဒပြသပိတ်မှောက်ခဲ့ ကြောင်း၊သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ဦးကိုလည်း နောင်လာနောက်သား ကျောင်းသားကျောင်းသူများ မှတ်သားနိုင်စေရန် အမျိုးသားအောင်ပွဲနေ့အကြို Talk Show အစီအစဉ်အားရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD