ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်နှင့် စာပေဆိုင်ရာ အတွေးအမြင်များ တုံ့ပြန်ဖလှယ် နိုင်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို၊ နိုဝင်ဘာ(၂၃)ရက်နေ့ မွန်းလွဲ(၃)နာရီက အဆိုပါ ရုံးရှိ လူထုအခြေပြု ဗဟိုဌာန( Community Centre)တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ၂၀၂၁ခုနှစ်၊ စက်တင်ဘာလထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း အမှတ်(၂၆၉)ပါ ဗိုလ်ချိုမြေ တင်တင်ဝင်း ရေးသားသည့် လူနေမှု ဘဝအဆင့်မြင့် စေဖို့ စာပေများများ ဖတ်ကြစို့ ဆောင်းပါးကို ဖတ်ကြားပြီး၊ အဆိုပါ ဆောင်းပါး ပါအကြောင်းအရာများ နှင့်ပတ်သက်၍ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များက အမြင်ခြင်း ဖလှယ်ဆွေးနွေးကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး၊ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲများကို အပတ်စဉ်ပြုလုပ်သွားရန်နှင့် စာပေဝါသနာရှင်များအပြင် ကျောင်းသား ကျောင်းသူများကိုပါ ဖိတ်ခေါ်ဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့ကြကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)