ဟိုပန် နိုဝင်ဘာ ၂၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့နံနက် ၁၀ နာရီ အချိန်က ကချင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် မြောင်ဇီးတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့တို့အား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ အနေဖြင့် မည်သည့်အစိုးရတက်တက် ဒေသတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ တက်သည့်အစိုးရသည် မိမိအစိုးရဟု ခံယူတတ်ရန်လိုအပ်ကြောင်း၊ “ဝ”တိုင်းအနေဖြင့်လည်း ဒေသအတွက် လိုအပ်သည် ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိ
ကြောင်း၊ ထို့ပြင် ဘာသာရေး ကဏ္ဍတွင်လည်း လူမျိုး/ဘာသာမခွဲခြားပဲ မျှတအောင်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ အလှူခံရရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာမည်ဖြစ်၍ ခွင့်ပြုချက်ရရှိပါက လူတိုင်းအား ကာကွယ်ဆေး ထိုးပေးသွား မည်ဖြစ်ကြောင်း၊ ဒေသနေ ပြည်သူများအနေဖြင့် မိမိတိုင်းရင်းသားများ၏ အကျိုးကို ရှေးရှု၍ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း၊ ပန်းခင်း စီမံချက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ရန် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်ချက်များ ရှိပါက တင်ပြပေးရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့က လိုအပ်ချက်များကို ညှိနှိုင်း၍ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်းတင်ပြခဲ့ပြီး မြောင်ဇီးစာပေ ယဉ်ကျေးမှုအဖွဲ့က ကျေးရွာသုသာန် သတ်မှတ်ပေးရေး၊ ကျန်းမာရေးဆေးပေးခန်းရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အိမ်ထောင်စု စာရင်းများ ရရှိရေးကို တင်ပြခဲ့ပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌက လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးမျိုးညွှန့်နှင့် မြို့နယ်ဦးစီးမှူးဦးဝင်းဦးတို့က ပန်းခင်း စီမံချက်အရ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးမှု အခြေအနေကို အသိပေးရှင်းလင်း ပြောကြားပြီး လုပ်ငန်းများ အချိန်တို အတွင်း ပြီးစီးရေး တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များက လိုအပ်သည့် အချက် အလက်များ စုဆောင်းပေးခြင်း၊ စိစစ်ပေးခြင်းတို့ကိုကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးရန် ပြောကြားကာ ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ပါသည်။
တွေ့ဆုံပွဲ အခမ်းအနားသို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦစီးမှူး၊ ကချင်နှင့် မြောင်ဇီးတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်