ကာလိမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကာလိ     နိုဝင်ဘာ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးက ကျောင်းသား/သူများအား (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေး၍ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း ကို ရှင်းလင်းပြောကြားပေးခြင်း ၊ အမျိုးသား အောင်ပွဲနေ့ပါ ဦးတည်ချက် (၄)ရပ် တို့ကို ဖတ်ကြားပေးခြင်း ဆောင်ရွက်ပေးပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ပါဝင်သည့် ကျောင်းသား/သူများတို့အား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ယင်းနောက် ကျောင်းသားကျောင်းသူများ တို့အား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် အသိပညာ ဗဟုသုတရ တိုးပွားစေရန် ရည်ရွယ်၍ ကျောင်းသား/သူများ အလှည့်ကျပုံပြင်ပြောခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အပြန်အလှန်ရှင်းလင်းပြောပြခြင်းများ ဆောင်ရွက်ပေးပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)