လဲချားမြို့နယ် ဝမ်ဟိုင့်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လဲချား  နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဝမ်ဟိုင့်ကျေးရွာအုပ်စု ဝမ်ပန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ``ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ´´ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဒု-လဝကမှူး ဦးအောင်ထက်နောင်နှင့်ဝန်ထမ်းများက‌ ဝမ်ဟိုင့်ကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ်အထက်(၇၂)ဦးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ လဲချားမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာ အုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

လွှမ်းသူနောင် (လဲချား)