မော်လမြိုင်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

မော်လမြိုင်  နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်  လူထုအခြေပြုဗဟိုဌာန  (Community    Center)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြည်သူများ လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ အသိပညာများ ရရှိစေရန် ရည်ရွယ်ကာ လူကုန်ကူး မှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု မော်လမြိုင်မှ ဒုတိယရဲမှူး သိန်းဇော်မြင့်က မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးနေ့ ပေါ်ပေါက်လာပုံနှင့် လူကုန်ကူး မခံရစေရန် ကာကွယ်ရမည့်နည်းလမ်းများကို အသေးစိတ် ရှင်းလင်းပေးသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းသည် ယနေ့ခေတ် လူငယ်၊ လူရွယ်လူကုန်ကူးခံရမှု မဖြစ်စေရန်နှင့် လမ်းမှားမရောက်ကြစေရေးတို့အတွက် အသိပညာများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း