သာကေတ နိုဝင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရုံးတွင် မြန်မာ သက္ကရာဇ် ၁၃၈၃ခု နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်း အားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉) နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာလှကွန့်ရေးသားထားသော အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းဝင် စာမျက်နှာများ စာအုပ်ပါအကြောင်းအရာများကို သာကေတမြို့နယ် စာရေးဆရာအသင်း၊ အတွင်းရေးမှူး စာရေးဆရာ ဖေသောရီမှ ဦးဆောင်ဆွေးနွေးခဲ့ကာ စာဖတ်ဝိုင်းကို တက်ရောက် လာကြသော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားကျောင်း များ ပေါ်ပေါက်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများ အကြောင်းအရာများကို အချင်းချင်း အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ