ဒဂုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ

ဒဂုံ နိူဝင်ဘာ ၂

ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းရှိအမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac)  ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉း၀၀) နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး၊ ဒဂုံမြို့နယ် အတွင်းရှိ အထက်တန်း၊ အလယ်တန်းရှိ အသက် (၁၂)နှစ်နှင့် အထက်ရှိ ကျောင်းသား၊ ကျောင်းသူ (၂၇၀)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။