မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်အတွင်း ပြည်သူအကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မော်လမြိုင် နိုဝင်ဘာ ၂၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ယမန်နေ့ နံနက် ၈ နာရီခွဲက  မော်လမြိုင်မြို့၊  စစ်ကဲကုန်းရပ်ကွက်၊  ဆိပ်ကမ်းသာ   တံတားနှင့် ထားဝယ်တံတားတို့အကြားရှိ အလျား ၆၀၀ ပေ၊အနံ ၅၀ ပေအကျယ်တွင် တည်ရှိသော ကမ်းနားလမ်း ရေပေါ်ညစျေးနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့  ညွှန်ကြာရေးမှူးက ကမ်းနားလမ်းရေပေါ်ညစျေး တန်းအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်  မတ်လ ၂၃ ရက်မှ ယနေ့အချိန်ထိ  စျေးဆိုင်တန်းများအား တည်ခင်း ရောင်းချခွင့်ရပ်ဆိုင်းထားခဲ့ကြောင်း၊  ယခုအခါ  ပြည်သူများ     စိတ်လက်အပန်းဖြေ အနားယူရန်နှင့်  လေကောင်း၊ လေသန့်ရရှိပြီး  ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် အဆင့်မြှင့်တင် ဆောင်ရွက်မည့် ခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရေး၊  အရိပ်ရအပင်များ စိုက်ပျိုးကြရေး၊   ကမ်းနားလမ်းတစ်လျှောက် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုးချဲ့သဲသောင်ပြင် ဘောလုံးကွင်းနေရာသို့ ရောက်ရှိကာ  ဘောလုံးကွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊  ဆိပ်ခံတံတား    အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက် စည်ပင်သာယာစျေးမြေနေရာသို့ သွားရောက်ပြီး မြေနိမ့်ပိုင်းဖြစ်သည့်အတွက်  ရေကြီး၊ ရေလျံမှု  မရှိစေရေးအတွက်  ရေနုတ်မြောင်းများ   စနစ်တကျ ဖောက်လုပ်ထားရန်၊ စျေးအတွင်းသန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ်လုံခြုံရေး အလေးထား ဆောင်ရွက်ကြရန်နှင့် စျေးသူ၊  စျေးသားများ အမြန်ဆုံး ပြန်လည် ရောင်းချနိုင်ရေးအတွက်   အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။

မွန်ပြည်နယ်တွင်  ပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍများကိုလည်း   စဉ်ဆက်မပြတ်    ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)