မိုင်းယန်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်နှင့် ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက မြို့မဈေးတွင် ဈေးရောင်း ဈေးဝယ် ပြည်သူများအား ၅ ရက်လျှင်တစ်ကြိမ် RDT Tesk Kit  ဖြင့် အခမဲ့စစ်ဆေးပေးလျက် ရှိပါကြောင်း၊ ဘာသာရေးကျောင်းများ၊ ဌာနဆိုင်ရာများဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများအား စစ်ဆေးပေးလျက်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထိရောက်စွာ ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် အသီးသီးဆွေးနွေး တင်ပြ ကြရာ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌက လိုအပ်သည် များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး