တောင်ဥက္ကလာပ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဦးစားပေးဦးတည်အုပ်စုအလိုက် ပြည်သူများကိုစုရပ်များခွဲ၍ ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေး ဦးတည်အုပ်စုအလိုက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်(၅) နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)