ပျဉ်းမနားမြို့နယ် လူထုအ‎‎ခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းများ ပြန်လည်ကျင်းပ

ပျဉ်းမနား       နိုဝင်ဘာ  ၂၂

ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)က ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၏ "အိမ်တွင်းအကြမ်းဖက်မှုကင်းစင်သော မိသားစု ဘဝများဆီသို့" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က အကြမ်းဖက်ခံရသော အမျိုးသမီးများ ဘဝပြန်လည် ထူထောင်ရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ တက်ရောက်လာကြသော စာရေးဆရာကြီး၊ ဆရာမကြီးများ၊စာပေဝါသနာရှင်များက "အိမ်တွင်းအကြမ်းဖက်မှု ကင်းစင်သောမိသားစု ဘဝများဆီသို့" ခေါင်းစဉ်နှင့်ပက်သတ်သည့် အတွေးအမြင်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များပူပေါင်း၍ စဉ်ဆက်မပျက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်းကျော် (ပြန်/ဆက်)