မိုင်းနောင်မြို့ရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ အခမဲ့စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်

မိုင်းနောင် နို၀င်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်း မိဘပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းရေးအတွက် နယ်လှည့်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို နို၀င်ဘာလ (၁၆) ရက်နေ့ စတင်၍ယနေ့ ထိ ပျံကျဈေးနှင့် စာသင်ကျောင်းများ၊ လူသွားလာမှုများ‌ သောမြို့လယ်ဓမ္မာရုံတို့တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့သွားရောက်ဆောင်ရွက်ရာတွင် အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးမထိုးနှံရ သေးသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ (mask) တပ်ဆင်ခြင်းမရှိသူများနှင့် ဖျားနာနေသူများ၊ ဈေးရောင်းချသူဈေးသည်များ၊‌ ကျောင်းသားကျောင်းသူများ၊ မိဘ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ (RDT Test Kit) ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး (၂၁.၁၁.၂၀၂၁) ရက်နေ့ ညနေပိုင်းချိန်ထိ အမျိုးသား(၂၃၄)ဦး၊ အမျိုးသမီး(၃၂၁)ဦး စုစုပေါင်း (၅၅၅) ဦး ကိုစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့အတည်ပြုလူနာ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၉) ဦး စုစုပေါင်း(၁၅) ဦး တွေ့ရှိထားကြောင်း သိရသည်။

နယ်လှည့်ကွင်းဆင်း စစ်ဆေးခြင်းတွင် နယ်မြေခံတပ်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် လုံခြုံရေးလိုက်ပါဆောင်ရွက်လျက်  ကျန်းမာရေးဌာနမှ ဆရာ/ဆရာမ များနှင့် ၀န်ထမ်းများ၊ ပညာ‌ရေးဌာနမှ ဆရာ/ဆရာမများ၊ မြို့ကိုဗစ်-၁၉ ကော်မတီ၀င်များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေး၀န်ထမ်းများက ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)