ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန်  ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်မှု ဆောင်ရွက်

ဒက္ခိဏသီရိ ၊ နိုဝင်ဘာ - ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အရောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်   ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ  ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ် တာဆီးထိန်းချုပ် နိုင်ရေး အတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များ အား လိုက်လံအသိ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။     

ထွန်းထွန်းဝင်း(ပြန်/ဆက်)