ကျိုင်းတုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့က ဒေသခံပြည်များအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် တာဝန်ရှိသူများက အခမဲ့စစ်ဆေးပေးခြင်းနှင့်အတူ ရောဂါပိုး ကူးစက်ခံရမှုမရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်း ကျဆင်းလာသော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်း လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့အဝင်ဂိတ်များ၊ မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများ၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၊ Fever Clinic နေရာများတွင် ဒေသခံပြည်သူ ၁၁၃၇ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့၍ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၁.၁၄ ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရောဂါပိုးကူးစက်ခဲ့ရသူများအား တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျ ပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိပြီး RDT Test Kit ဖြင့် စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိဘဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ၂၉၀ ဦး အား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် တစ်ဆက်တည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ဇွန်လ ၂၉ ရက်မှ ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၄၇၄ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၂၄၄ ဦး၊ သေဆုံးသူ ၉၂ ဦး၊ လက်ရှိကုသဆဲ အတည်ပြုလူနာ ၁၃၈ ဦးရှိပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)