ထန်းတပင်(ပဲခူး) နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆိပ်ကြီးရပ်ကွက်အတွင်းလူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ရာတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကို မကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်း များကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်၊ ပါးစပ်နှာခေါင်း စနစ်တကျတပ်ဆင်ခြင်းလိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
သဇင်