မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင်ဦးဇိနစေတီတော်နှင့် သမိုင်းဝင် နဂါးမောက် စေတီတော် ဘက်စုံမွမ်းမံ ပြုပြင်ခြင်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှု

မော်လမြိုင် နိုဝင်ဘာ ၂၂

မော်လမြိုင်မြို့ ကျက်သရေဆောင် ဆံတော်ရှင်      ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊  စိန်ဖူးတော် ငှက်မြတ်နားတော် အသစ်ပြန်လည်တင်လှူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ယမန်နေ့ နံနက် ၈ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုသည်၊၊

ရှေးဦးစွာ စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   စေတီတော်ပေါ်သို့ တက်ရောက်ပြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဖူးမြော်ကြည့်ရှု စစ်ဆေးကာ အသစ်ပြန်လည်တင်လှူနိုင်ရေး   ဘက်စုံပြုပြင်မွမ်းမံနေမှု    အချိန်မီပြီးစီးရေး၊ ဘုရားဖူး လာပြည်သူများ  ဓမ္မာရုံတွင်  အနီးကပ်ဖူးမြှော်ကြည်ညိုပြီး   စိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရေးတို့ အတွက် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားသည်၊၊

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သမိုင်းဝင်နဂါးမောက်စေတီတော်မြတ်ကြီး  သို့ သွားရောက်ကာ ဘက်စုံမွမ်းမံပြုပြင်နေမှု ၊  ဉာဏ်တော်မြှင့်တင်နေမှု၊ စေတီတော်မွမ်းမံနေမှု၊ ထီးတော် တင်လှူနိုင်ရေး၊ ရင်ပြင်တော်ကြွေပြား ခင်းကျင်းပြီးစီးနေမှု     ငြမ်းလုပ်ငန်း စတင် ဆောင်ရွက်နေမှုနှင့် အခြားဘက်စုံ မွမ်းမံတည်ဆောက်နေမှုတို့ကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း လှူဒါန်းပေးသည်၊၊

မွန်ပြည်နယ်တွင် ဖူးမြှော်ကြည်ညိုဖွယ်ရာ သမိုင်းဝင်တန်ခိုးကြီးဘုရားများစွာရှိသည့်အတွက် ကိုဗစ်-၁၉ အလွန်ကာလများတွင် ဘုရားဖူးရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာ ကုသိုလ်ယူ ဖူးမြှော် ကြည်ညိုနိုင်ရေးအတွက်   ဆရာတော်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်   အလှူရှင်များ စုပေါင်းကာ ဘက်စုံပြုပြင်မွမ်းမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊

ခရိုင်(ပြန်/ဆက်)