ဂွ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ငါးလုပ်ငန်း ဦးစီးဌာနမှ ရဟိုင်ကူးတို့ ကျေးရွာအုပ်စု၊ ရဟိုင်ကူးတို့ ကျေးရွာရှိ ရေလုပ်သားများနှင့် ယမန်နေ့နံနက်ပိုင်းက ငါးသယံဇာတ ထိန်းသိမ်းရေး ပညာပေး ဟောပြောပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ဂွမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ် ဦးစီးဌာနမှူး ဦးခင်မောင်ရီက ပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ငါးလုပ်ငန်း လုပ်ကိုင်သူများအား ယခုယခါ ကမ္ဘာ့စားသုံးသူဦးရေ တိုးပွားလာမှုကြောင့် စားနပ်ရိက္ခာအတွက် ရေနေသတ္တဝါများ ပိုမိုဖမ်းဆီးလာခြင်း၊ ဖမ်းဆီးရေးစနစ် မြင့်မားလာမှုနှင့်အတူ ငါးများကို ယခင်ကထက်ပိုမို ဖမ်းဆီးလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းလာခြင်းတို့ကြောင့် ပင်လယ်၊ မြစ်ချောင်းများတွင် ယခင်ကထက် ရေသယံဇာတနှင့် ငါးသယံဇာတများ ရှားပါးလာခြင်းနှင့် ကြုံတွေ့ နေရခြင်းများ၊ ငါးလုပ်ငန်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်များအား သိရှိလိုက်နာရေး၊ ကမ်းနီးငါးဖမ်းလုပ်ငန်း အခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး ရေလုပ်သားများ၏ မေးမြန်း ဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ရေလုပ်သား(၃၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်