ငါ့သရောက်မြို့တွင် ဝါဆိုပဲ(ခေါ်) ၄ လပဲများ စတင်နှုန်;သိမ်းနေပြီး အထွက်နှုန်း ကောင်းမွန်ကြောင်းသိရ

ငါ့သရောက်  နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်တွင် ဝါဆိုလဆန်းပိုင်းတွင် စတင် စိုက်ပျိုး ကြပြီး၊ တန်ဆောင်မုန်း လတွင် စတင်နှုတ်သိမ်းကြသည့် ဒေသအခေါ် ဝါဆိုပဲ(ခေါ်) ၄လပဲများ စတင် နှုတ်သိမ်းလျက်ရှိပြီး၊ ယခင်နှစ်များထက် အထွက်နှုန်းကောင်းမွန်ကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

ငါ့သရောက်ဒေသတွင် ယခင်နှစ်များထက် ယခုနှစ်တွင် မိုးရွာသွန်းမှုပိုမို ကောင်းမွန်ခဲ့ခြင်းကြောင့် တောင်သူများ အားထားစိုက်ပျိုးကြသည့် မြေပဲ၊ ပဲစဉ်းငုံ၊ ပြောင်း၊ နှမ်းနှင့် ပဲတီစိမ်းများအပြင် အခြား စိုက်ပျိုးသီးနှံများဖြစ်သည့် ခရမ်းချဉ်၊ ငရုတ် အစရှိသည့် ခြံထွက်သီးနှံများပါ အထွက်နှုန်းကောင်းမွန်ခဲ့၍ တောင်သူများ ပျော်ရွှင်ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း သိရသည်။

(၃)လပဲနှင့် (၆)လပဲများ နှုတ်သိမ်းချိန်တွင်လည်း အထွက်နှုန်းကောင်းမွန်ခဲ့သည့်အပြင် မိုးလယ်ကာလ တွင်လည်း မိုး ကောင်းစွာရရှိသဖြင့် ယခုနှုတ်သိမ်းသည့် ဝါဆိုပဲများ အထွက်နှုန်းကောင်းခဲ့ခြင်းဖြစ်ကြောင်း တောင်သူ ဦးနိုင်ဝင်းက ပြောသည်။

ဖြိုးဝေ