ကျိုက်မရော နိုဝင်ဘာ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ အသက် ၁၂နှစ် အထက် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျုံကွယ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်က မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အိမ်ထောင်စု လူဦးရေ စာရင်း များကို နိုင်ငံသားတိုင်း"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ဒေသခံ ပြည်သူများ အဆင်ပြေစေရန် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအား လိုအပ် သည့် အထောက်အထားများစိစစိ၍ နိုင်ငံသားစိစစ်ရေးကတ် အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ် တစ်မျိုးမျိူးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အ.ထ.က ကျုံကွယ်၊ အထက တံတားဦး၊ အ.ထ.က မိကသစ်ကျောင်းနှင့် အ.ထ.က(ဖာသိမ်)ကျောင်းများမှ အသက်၁၂နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၆၁)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြပြီး ကျန်ရှိနေသော အထက၊ အ.ထ.က(ခွဲ)ကျောင်းများ၌လည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်ထံမှ သိရသည်။
ချို မြတ်မြတ်ထွေး