ကျိုက်မရောမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေး

ကျိုက်မရော နိုဝင်ဘာ ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးမှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျုံကွယ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အိမ်ထောင်စု လူဦးရေစာရင်းများကို နိုင်ငံသားတိုင်း" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့" ဆောင်ပုဒ်နှင့်အညီ ဒေသခံ ပြည်သူများ အဆင်ပြေစေရန် ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့် အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိူးကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အထက ကျုံကွယ်၊ အထက တံတားဦး၊ အထက မိကသစ်ကျောင်းနှင့် အထက(ဖာသိမ်)ကျောင်းများမှ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ၊ စုစုပေါင်း(၂၆၁)ဦးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ပေးခဲကြပြီး ကျန်ရှိနေသော အထက၊ အထက(ခွဲ) ကျောင်းများ၌လည်း ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)