ရပ်စောက်မြို့နယ်၌အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရပ်စောက် နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ ပြီးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်ငါးနေရာ၌ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ဆေးထိုးစုရပ်များ ဖြစ်သည့် ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၊ ဗထူးအခြေခံပညာ အထက်တန်းကျောင်း၊ ပင်ဖြစ် အခြေခံပညာ အထက်တန်းကျောင်း၊ ကောင်းဘို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အင်တော အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ရပ်စောက် မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အသက် (၁၂)နှစ် အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ (၅၂၂၈)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု ကြီးကြပ်ပေးခဲ့ကြပြီး ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရဲထက်ဦး