မင်္ဂလာဒုံ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့ နယ်တွင်ကြက်ခြေနီအသင်းမှ ကျင်းပပြုလုပ်သော ထိခိုက်ဒဏ်ရာရှေးဦးပြုစုနည်း (Trauma First Aid) သင်တန်းကို ယနေ့နံနက် (၈)နာရီက ထောက်ကြန့် ရွာမရပ်ကွက်ရှိ သပြေညိုခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေဆန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးစွာ စစ်ဆေးနည်း၊ လူအများအပြား ထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲနည်း၊ ဦးစားပေးလူနာရွေးချယ်နည်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ပြုစုစောင့်ရှောက်နည်း၊ မျက်ရည်ယိုဓာတ်ငွေ့ထိခိုက်သူအား ပြုစုနည်း၊ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်း၊ အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသည့် လူနာကို ပြုစုစောင့်ရှောက်နည်း ကွင်းစက်၊ ရှေးဦးပြုစုမှုပေးသော စခန်း၊ ရှေးဦးပြုစုသူ၏ အခန်းကဏ္ဍ တာဝန်ဝတ္တရားများ၊ ရှေးဦးပြုစုခြင်း စခန်းနှင့် ရှေးဦးပြုစုခြင်း အဖွဲ့ ဆောင်ရွက်ရမည့် အချက်အလက် စာရင်းနှင့် ရှေးဦးပြုစုသူများအတွက် ဘေးကင်းလုံခြုံမှု အစရှိသည်တို့ကို သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းကာလမှာ (၂၀.၁၁.၂၀၂၁) မှ (၂၁.၁၁.၂၀၂၁) ထိဖြစ်ပြီး ကြက်ခြေနီ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ကြက်ခြေနီအသင်းမှ သိရသည်။
သန္တာ(ပြန်/ဆက်)