နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်းသီဆိုမှုပြိုင်ပွဲသို့ နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားတက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၁၉

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်းသီဆိုမှု ပြိုင်ပွဲသို့ နေပြည်တော်ကိုယ်စားပြု သီဆိုယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သုံးဦးအား နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယ‌နေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် (၅)ရပ်ကို အခြေခံ၍ စိန်ရတုပြည်ထောင်စုနေ့ကို ပြည်သူများ မှတ်မှတ်ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရန်နှင့် ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ် နေသည့် ပြည်သူများကို ဖျော်ဖြေပေးနိုင်ရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်နွှဲပျော် ဂီတပွဲတော် " တေးသီချင်း သီဆိုမှုပြိုင်ပွဲနှင့် ဖျော်ဖြေပွဲကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် လေ့ကျင့်စဉ် ကာလနှင့် ပြိုင်ပွဲကာလအတွင်း ကျန်းမာရေး ကိုအထူးဂရုစိုက်ပြီး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က နေပြည်တော်ကိုယ်စားပြု သီဆိုယှဉ် ပြိုင်မည့်ပြိုင်ပွဲဝင်သုံးဦးအတွက် ထောက်ပံ့ငွေကျပ်(၂၄၆၀၀၀၀)ကိုပေးအပ်ရာ ပြိုင်ပွဲဝင်စိစစ် ရွေး ချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်သင်းသင်းဇင်က ပြိုင်ပွဲဝင်များကိုယ်စားလက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီမှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခြင်းအတွက် ပြိုင်ပွဲဝင်များကိုယ်စား မဝင်းဝင်းထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဝင်