တန်ဆောင်မုန်းလပြည့်နေ့ (ခေါ်) သာမညဖလအခါတော်နေ့ တွင် ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဘုရားစေတီများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား

နေပြည်တော်၊ နိုဝင်ဘာ ၁၈

တန်ဆောင်မုန်းလပြည့်နေ့ (ခေါ်) သာမညဖလအခါတော်နေ့သည် မြတ်စွာဘုရားရှင် အဇာတသတ်မင်းအား “သာမညဖလသုတ္တန်”ကို ဟောကြားတော်မူခဲ့သည့်အတွက် သာမညဖလ အခါတော်နေ့လို့ ခေါ်တွင်ကြပြီး အဆိုပါနေ့ထူးနေမြတ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ကထိန် သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊ကျီးမနိုးပွဲတော်၊သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိကြပြီး ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက် တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ် အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ် ဒါနသီလပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိကြောင်းသိရသည်။ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၊ ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၊  ဓါတုစယ ဓါတ်ပေါင်း စုစေတီတော်၊  ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်း စေတီတော်၊ ဆုတောင်းပြည့်လော ကမာရဇိန်စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင် တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊  မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက် ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ၊ ဆရာတော်သံဃာတော်များအားဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒီသာ ကျွေးမွေး လှူဒါန်ခြင်း စသည့်ကုသိုလ် ပြုမှုများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ထို့ပြင် ဥပ္ပါတသန္တိ​စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။တန်ဆောင်မုန်းလပြည့်နေ့ (ခေါ်) သာမညဖလအခါတော်နေ့ တွင်ဘုရားဖူးလာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း များဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ် တကျလက်ဆေးခြင်းနှင့် အသိပညာပေး ခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ညပိုင်းတွင်လည်း အဆိုပါ ဘုရားများ၌ ဆီမီးပူ ဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ကျေးရွာ များရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့်မီးရောင်စုံ ထွန်းညှိပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)