မြောက်ဦး နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် တန်ဆောင်တိုင်လပြည့်နေ့၌ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအနေဖြင့် ယမန်နေ့ ညနေပိုင်း ၆ နာရီအချိန်မှစတင်ပြီး ရှေးဟောင်း သမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုး၊ စေတီများ၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိကပ်လှူ ပူဇော်ခြင်းများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ မြောက်ဦးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး၊ စေတီများဖြစ်သည့် ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းထိုးတော်ကြီး၊ ထုက္ကန်သိမ် ပုထိုးတော်ကြီး၊ ရတနာပုံ စေတီတော်ရှိ အရန်စေတီတော်များ၌ တန်ဆောင်တိုင်လပြည့်နေ့ အခါသမယတွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ဗုဒ္ဓဘုရားရှင်အား ရည်မှန်းကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ သျှစ်သောင်းဘုရားသို့ လာရောက်ကြသော မိဘပြည်သူများက ဘုရားရေချမ်းအိုး ကပ်လှူ ပူဇော်ခြင်းများအား ပြုလုပ်ဆောင်ရွက်ခြင်းနှင့် အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူး လာရောက်သူများနှင့် ဆီမီးထွန်းညှိ ပူဇော်သူများဖြင့် စည်ကား လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ အများပြည်သူသွားလာရာလမ်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင်လည်း ရောင်စုံမီးလုံးများ ထွန်းညှိပူဇော်ခြင်းနှင့် ဆီမီးထွန်းညှိ ပူဇော်ခြင်းများကိုလည်း ဗုဒ္ဓဘုရားရှင်အား ရည်မှန်း ပူဇော်ခြင်းများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)