သိန္နီ ဩဂုတ် ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးခရိုင်၊ သိန္နီမြို့ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့ နံနက် (၁၁) နာရီအချိန် က ပြည်ပမှ တရား၀င်အရက် တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက်ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်လှိုင် က ပြည်တွင်း၌ ရောက်ရှိနေသော နိုင်ငံခြားအရက်အမျိုးမျိုးတရားမ၀င် တင်သွင်းရောင်းချ ခြင်း တို့အပေါ် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှ ကြေညာလွှာ တင်သွင်းခြင်း၊ အခွန်ပေးဆောင်ခြင်း တို့ကို သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် အသိပေးဆွေးနွေးခြင်း၊ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာချက် လက်ကမ်းစာစောင်များ၊ ကပ်နှိပ်သည့်အခွန်အမှတ်တံဆိပ်နမူနာပုံစံများ၊ အခွန်အမှတ်တံဆိပ်ကပ် နှိပ်ပေးရန်ကြေညာလွှာပုံစံများကို အခွန်ထမ်းပြည်သူများထံ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသည့် အခွန်ထမ်းများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
ဖိုးချို (ပြန်/ဆက်)