မန္တလေး နိုဝင်ဘာ ၁၉
ကလေးငယ်များ စာပေဗဟုသုတရရှိစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြို ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကလေးငယ်များ အမျိုးသားအောင်ပွဲနေ့နဲ့ပတ်သက်ပြီး သိရှိနားလည်စေရန်၊ စာပေဗဟုသုတရရှိစေရန်နှင့် အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားအောင်ပွဲနေ့ခေါင်းစဉ်ဖြင့် ကျင်းပပေးတာဖြစ်ပါတယ်၊ နောက်ရက်တွေမှာလည်း အမျိုးသားအောင်ပွဲနေ့နဲ့ ပတ်သက်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွေ ကျင်းပပေး သွားမှာပါဟု မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် ကလေးငယ်(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲသို့ မန္တလေး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကလေးငယ်များ၊ ပြိုင်ပွဲဝင်ကလေးငယ်များ၏ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)