တွံတေး၌ (၄၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကျင်းပ

တွံတေး နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ် တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေလယ် ၂ နာရီက ရွှေဆံတော်စေတီတော် မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းသို့ကြွချီ၍ ပူဇော်ပွဲကို ရွှေဆံတော်ဂေါပက အဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်(၈)ရပ်ကွက်၊ ရှမ်းစု၊ ညောင်တံခါး၊ ငါးခုမ်းမစမ်း ကျေးရွာများနှင့် ဌာနဆိုင်ရာမိသားစုများက အလှပြမော်တော်ယာဉ်များဖြင့် ဗုဒ္ဓရုပ်ပွားတော် နှစ်ကျိပ့်ရှစ်ဆူတို့ အား ပင့်ဆောင်ကာ ဒေသခံပြည်သူများ ပူဇော်နိုင်ရန်အတွက် လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း၊ ထိုသို့ နှစ်ကျိပ့် ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်များ မြို့တွင်းလှည့်လည်စဉ် စေတနာရှင်အလှူရှင်များက ဘုရားရှင်တို့၏ ဂုဏ်တော်ကို ကြည်ညိုသဒ္ဓါပွားကာ ပန်း၊ ဆီမီး၊ ဖရောင်းတိုင်၊ အမွှေးနံ့သာများဖြင့်  ပက်ဖျန်းပူဇော်ကြကြောင်း လည်း သိရသည်။

အဆိုပါ နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ   ယခုနှစ်တွင် (၄၄)ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ကြောင်း ယခင်နှစ်များကထက် ပိုမိုစည်ကားအောင် မကျင်းပနိုင်သော် လည်း ရှေးအစဉ်အလာမပျက် ကျင်းပခဲ့ကြောင်း သိရှိရသည်။ တွံတေးမြို့ နှစ်ကျိပ်ရှစ်ဆူမြို့တွင်း လှည့်လည် ပူဇော်ပွဲကို ဒေသခံများသာမက ရပ်ဝေး၊ ရပ်နီးမှ ပြည်သူများပါ လာရောက်ပူဇော်လေ့ရှိကြောင်း နှစ်ကျိပ်ရှစ်ဆူမြို့ တွင်း လှည့်လည်ပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းလွင်ထံမှ သိရှိရသည်။

မျိုးလှိုင် တွံတေး