ကျောက်ဖြူမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ပေါ်တော်မူကံ့ကော်တော ဘုရားသို့ ဥပုဒ်သီလ ဆောက်တည်ရန် လာသူများ၊ ဘုရားဖူးလာသူများဖြင့် အထူးစည်ကားလျက်ရှိ

ကျောက်ဖြူ   နိုဝင်ဘာ ၁၉

၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင် ဆုတောင်းပြည့် တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တော ဘုရားသို့ ဥပုဒ်သီလဆောက်တည်ရန် လာရောက် ကြသူများ၊ အနယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ သီလဆောက်တည်ရန် လာရောက်သူများနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ယနေ့ နံနက် ၆ နာရီခန့်ကပင် အဆိုပါဘုရားရင်ပြင်ပေါ်၌ သီလခံယူဆောက်တည်ခြင်း၊ ဘုရားဆင်းတုတော်အား ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း၊ ဘုရားပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ အဓိဌာန်ပုတီး စိုက်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

အလားတူ သမိုင်းဝင်ကျောက်တစ်လုံးဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုဒ်သီလ ဆောက်တည်သူ များပြားလျက်ရှိပြီး ရပ်ကွက်များတွင် စတုဒီသာ အလှူပြုလုပ်ခြင်းများ ဆောင်ရွက် လျက်ရှိကြသည်။

အဆိုပါ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တောဘုရားမှာ ပေါ်တော်မူဆုတောင်းပြည့် ဘုရားဖြစ်ပြီး ကံ့ကော်ပင်များစွာရှိသည့် တောအုပ်တွင် ကိန်းဝပ်စံပါယ်တော်မူရာမှအစွဲပြု၍ ကံ့ကော်တောဘုရားဟု ခေါ်ဆိုလာကြသည်။

၎င်းဘုရားသို့ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းမြေ့စွာဖူးမျော်နိုင်ရန်အတွက် ပရဟိတ အသင်းအဖွဲ့များမှ ဘုရားပရဝုန်အတွင်း သန့်ရှင်းသာယာလှပနေရန် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများကို အပတ်စဉ် ဆောင်ရွက်ထားရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးသူများအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)