မင်းပြား နိုဝင်ဘာ ၁၉
ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်ပြည်နယ် နေရာအနံ့အပြား ၌ ကျင်းပပြုလုပ် လျက်ရှိကြသည်။
မင်းပြာမြို့နယ်၌ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့မှ လပြည့်ကျော် ၁ ရက်နေ့ထိ ပွဲတော်ကာလအတွင်း မင်းပြားမြို့ ကျိန်းတောင်ဇီဝှါဓါတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ပူဇော်ခြင်း၊ ကရဝိတ် ဖောင်တော်အား မီးမျှောပူဇော်ခြင်း၊ ဝက်ဘာ ကွင်းပြုလုပ်ပြီး တာဝတိံသာနတ်ပြည် ဗိမာန်၌ ဗုဒ္ဓဘုရားရှင်အား ပူဇော်ခြင်း၊ ဆီမီးခွက်ထွန်းညှိပူဇော်ခြင်း၊ ဖယောင်းတိုင်မီး၊ လျှပ်စစ်မီးသီးများဖြင့် ထွန်းညှိပူဇော်ခြင်း၊ မြစ်ချောင်းနှင့် ရေကန်များ၌ မီးကြာပန်းများမျှော၍ ပူဇော်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းများကို ရပ်ကွက်၊ ကျေးရွာများရှိ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မောင်မယ်၊ လူငယ်များက စုပေါင်းအင်အားဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် သူခိုးကြီးညဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်မှာလည်း မဟုတ်ပါကြောင်း လထဲတွင် အလှပဆုံး ကြယ်တာရာနက္ခတ်စုံသည် လ၊ မိုးလေ ကင်းလွတ်သည့် လ၊ အမြတ်ဆုံးဖြစ်သည့် ကထိန်၊ သက်န်းဆက်ကပ် လှူဒါန်းသည့် လဖြစ်ကြောင်းကို ဘိုး၊ဘွားများက နောင်လာ နောင်သားများအား ပြောပြသည်။
အဆိုပါ ပွဲတော်ကာလတွင် မြို့ပေါ်ရှိ တိုင်းရင်းသား ပြည်သူများက ဆွေမျိုး မိသားစု အကြီးအကဲများ၊ မိဘ၊ ဆရာသမားများအား ရှိခိုးပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြကြောင်း သိရသည်။
သိန်းနုအောင်